Internation News

အထည်ချုပ်စက်ရုံ ၁၁ ရုံမှ အလုပ်သမား ၁၅၀၀၀ ခန့် အလုပ်ဆက်လုပ်နိုင်ရန် ကုန်ကြမ်းပစ္စည်းတင်လေယာဉ်တစ်စင်း တရုတ်နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ

ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ ၁၁ ရုံမှ အလုပ်သမား ၁၅၀၀၀ ခန့် အလုပ်ဆက်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်လေယာဉ်တစ်စင်း တရုတ်နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မတ် ၁၇ ရက် ည ၁၀ နာရီခန့်က ရောက်ရှိလာခဲ့သည်။

အဆိုပါလေယာဉ်တွင် ကုန်ကြမ်းအလေးချိန် ၁၅ တန် တင်ဆောင်လာကာ စက်ရုံ ၁၁ ရုံအတွက် အရေးပေါ်လိုအပ်လျက်ရှိသော ကုန်ကြမ်းများဖြစ်ပြီး လေယာဉ်မှာ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက “ ဒီ Cargo က စက်ရုံ ၁၁ ရုံအတွက် ဝင်လာမယ်။ စက်ရုံ ၁၁ ရုံ အတွက် သင်္ကြန်မတိုင်ခင်တစ်လစာ၊ သင်္ကြန် မတိုင်ခင်အထိ လည်ပတ်နိုင်ပြီးတော့ စက်ရုံ မပိတ်ရအောင် ကျွန်မတို့ အမြန်ဆုံးသွင်းထားတယ်။ ကွမ်ကျိုးကနေ အခုထွက်လာပြီ။ ဒါဆိုရင်စက်ရုံ ၁၁ ရုံကတော့ သေချာပေါက် မပိတ်ရတော့ဘူး။ အဲဒီစက်ရုံမှာရှိတဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်စရာမလိုဘူး” ဟု ပြောကြားသည်။

ထို့ပြင် အထည်ချုပ်လုပ်ငန်းမှ မဟုတ်ဘဲအခြားသော CMP လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းများ လေကြောင်း၊ ရေကြောင်းမှ ရောက်လာပါက လွယ်ကူစွာထုတ်ယူ၍ရအောင် အကူညီပေးကာ ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ဒေါ်စန္ဒာမင်းက “ ပြတ်မယ့်ကုန်ကြမ်းကို စက်ရုံပိုင်ရှင်က သူ့ဘာသာ တင်သွင်းရမှာပေါ့နော်။ ဒါပေမဲ့ သွင်းပြီးတော့ မြန်မာပြည်ကိုရောက်လာမယ့် ကုန်ကြမ်းတွေကို ခါတိုင်းလိုမျိုး ထုတ်ရတဲ့အခါမှာ စာရင်းနဲ့ ကုန် မှားယွင်းတာမျိုးတွေ ရှိတယ်။ ဒါဆိုရင် Customs မှာ ကြာနေတာမျိုးတွေရှိတယ်။ သို့သော်လည်း အခုချိန်မှာ အများကြီးဖြေလျှော့ပေးမယ်။ ပြီးရင် လွယ်လွယ်ကူကူနဲ့ ထုတ်ယူလို့ရအောင် ကျွန်မတို့ဘက်က ကူညီဆောင်ရွက်ပေးမှာပါ။ အထည်ချုပ်လုပ်ငန်းအတွက် ပိတ်လိပ်တင်မကပါဘူး။ တခြား CMP လုပ်ငန်း၊ အသေးစားလုပ်ငန်းတွေရဲ့ ကုန်ကြမ်းတွေအားလုံးကိုလည်း ဒီလိုပဲလေကြောင်းနဲ့ ရောက်လာသည်ဖြစ်စေ၊ ရေကြောင်းနဲ့ ရောက်လာသည်ဖြစ်စေ အမြန်ဆုံးထုတ်ပြီး စက်ရုံလည်ပတ်နိုင်အောင် ကျွန်မတို့အစိုးရဘက်က ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောကြားသည်။

ယခုတရုတ်နိုင်ငံမှ ရောက်ရှိလာသော ကုန်ကြမ်းပစ္စည်းများသည် အထည်ချုပ်စက်ရုံ ၁၁ ရုံတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများ အလုပ်လက်မဲ့ မဖြစ်စေရေး ရည်ရွယ်၍ ယခုကဲ့သို့ လေကြောင်းလိုင်းဖြင့် ပထမဆုံးအကြိမ် သယ်ယူတင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တရုတ်အထည်လိပ်နှင့် အထည်ချုပ်လုပ်ငန်ရှင်များ အသင်းဥက္ကဋ္ဌ ဦးဆန်းခွန်က “ ဒီစက်ရုံ ၁၁ ရုံက တောက်လျှောက်လုပ်နေတယ်။ ဒါပေမဲ့ အခု ကုန်ကြမ်းပစ္စည်းပြတ်တဲ့အချိန်မှာ သူတို့က နည်းနည်းခက်တယ်။ ဒီညကုန်ကြမ်းပစ္စည်း ရောက်တယ်မို့လား အဆင်ပြေမယ်။ အလုပ်သမားအားလုံး အဆင်ပြေမယ်” ဟု မီဒီယာများအား ပြောကြားသည်။

ထိုကုန်ကြမ်းပစ္စည်းများကို လေယာဉ်ပေါ်မှတစ်ဆင့် ဂိုဒေါင်အတွင်းထားရှိကာ COVID-19 ဗိုင်းရပ်စ် အန္တရာယ်မရှိစေရန်အတွက် ပိုးသတ်ဆေးဖြန်းစောင့်ကြည့်ပြီးနောက် ရက်ပိုင်းအတွင်းစက်ရုံများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်လျက်ရှိသော ကုန်ကြမ်းများ ရရှိဖြေရှင်းနိုင်ရန် ဆောင်ရွက်ပေးနေပြီး လေဆိပ်သို့ ရောက်ရှိလာသော ကုန်ကြမ်းများနှင့်ပတ်သက်၍ လိုအပ်သည်များ ပံ့ပိုးကူညီပေးပါရန် မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အသိပေးအကြောင်းကြားခဲ့ပြီး အစိုးရအဖွဲ့က ထုတ်ယူခွင့်ပြုရန် အကောက်ခွန်ဦးစီးဌာနနှင့် ညှိနှိုင်းအကြောင်းကြားပေးခဲ့ကြောင်း သိရသည်။

Leave a Comment