Internation News

COVID-19 ကာကွယ်ရေးအတွက် မြန်မာကို အမေရိကန်က ဒေါ်လာ ၁ဒသမ၈သန်း လှူဒါန်း

COVID-19 ကာကွယ်ရေးအတွက် မြန်မာကို အမေရိကန်က ဒေါ်လာ ၁ဒသမ၈သန်း လှူဒါန်း

ခွန်ယံ ရန်ကုန်- မြန်မာနိုင်ငံ၌ COVID-19 ကာကွယ်ရေးလုပ်ငန်းများအသုံးပြုရန် ဒေါ်လာ ၁ဒသမ၈ သန်းထောက်ပံ့ပေးရန် အမေရိကန်အစိုးရက ကတိပြုသည်ဟု ရန်ကုန်မြို့ရှိ ကန်သံရုံးက ယနေ့(မတ်လ၁၉ရက်) ထုတ်ပြန်သည်။

ယင်းအလှူငွေကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)က တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်တတ်သောရောဂါအတွက် အရေးပေါ်အရန်ရန်ပုံငွေ အစီအစဉ်မှ လှူဒါန်းခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

USAID သည် ယင်းလှူဒါန်းငွေများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)နှင့် USAID’s “Breakthrough Action” စီမံကိန်း၏မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော Save the Children နှင့် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တို့မှတစ်ဆင့် ပေးအပ် လှူဒါန်းခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ် အသင့်ပြင်ဆင်နိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် WHO ကို ဒေါ်လာခုနစ်သိန်းပေးအပ်ထားပြီး ၊ စွန့်စားဆောင်ရွက်ရသော ပို့ဆောင်ဆက်သွယ်ရေးအတွက် UNICEF ကို ဒေါ်လာခြောက်သိန်း ပေးအပ်ထားသည်ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျန်သည့် ဒေါ်လာငါးသိန်းကိုမူ အသိပညာပေးဆိုင်ရာ သတင်းစကားများနှင့် လိုအပ်သောပစ္စည်းများ ဖြန့်ဝေရာတွင် အရှိန်မြှင့်တင်ရေးအတွက် Johns Hopkins Center for Communications Programs နှင့် ၎င်း၏မိတ်ဖက် အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံအခြေစိုက် Save the Children အစီအစဉ်က အကောင်အထည်ဖော်လျက်ရှိသည့် USAID’s Breakthrough Action စီမံကိန်းသို့ ပေးအပ်ထားသည်ဟုဆိုသည်။

COVID-19 ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် ယခုလအစောပိုင်းကလည်း ဆေးရုံသုံးနှာခေါင်းစည်း ၃၀,၀၀၀၊ မျက်နှာအကာ ၁,၅၀၀၊ နှာခေါင်းစည်း ၁,၅၀၀၊ ဝတ်ရုံအစုံ ၁,၅၀၀၊ ဖိနပ်ဖုံး ၁,၅၀၀ နှင့် လုံခြုံရေးမျက်ကာမျက်မှန် ၁,၀၀၀ တို့ကို အမေရိကန်ကလှူဒါန်းထားသည်။

ရောဂါပိုးစောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနှင့် မြန်မာကျန်းမာရေးဝန်ထမ်းများကို အသိပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် ရောဂါပိုးကို သေချာစွာသတိထား စောင့်ကြည့်နိုင်ရေးအတွက် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC)ကလည်း နည်းပညာအကူအညီများ ဓာတ်ခွဲခန်းဆိုင်ရာ နည်းပညာအကူအညီများလည်း ပေးအပ်နေသည်ဟု ထုတ်ပြန်ထားသည်။

Leave a Comment