အထှထှေဗေဟုသုတ

အလွန်မွန်မြတ် အကျိုးကြီးမားတဲ့ ဝေယျာဝစ္စကုသိုလ်

ဝေယျာဝစ္စကုသိုလ် ဘယ်လို အကျိုးကြီးသလဲ

အနယ်နယ်အရပ်ရပ်က တရားစခန်းတွေမှာ ဝေယျာဝစ္စကုသိုလ်ယူကြတဲ့ ပုဂ္ဂိုလ်တွေအတွက်

ဝေယျာဝစ္စကုသိုလ်အကြောင်း ပြောပြချင်မိတယ်။

ကျွန်တော်တို့တတွေဟာ ဝေယျာဝစ္စကုသိုလ်ကို ”လုပ်အားဒါန”ဆိုပြီး ဒါနအမည်တပ်လေ့ရှိပါတယ်။

ကိုယ့်ရဲ့ လုပ်အားကို တစ်ပါးသူအတွက် ပေးလှူတဲ့သဘော ဖြစ်တာမို့ ”ဒါန”လို့ ဝိသေသပြုပြီး

ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

တကယ်တော့ ”ဝေယျာဝစ္စ”ဟာ (ပုညကြိယာဝတ္ထု) ၁၀ပါးမှာ ပါဝင်တဲ့ သီလကုသိုလ် ဖြစ်ပါတယ်။

သီလဆိုသော်လည်း ရှောင်ရှားရမဲ့ ”ဝါရိတ္တသီလ” မဟုတ်ဘဲ၊ ဆောင်ထားရမဲ့ ”စာရိတ္တသီလ” ဖြစ်ပါတယ်။

“ဗျာဝဋဿ ဘာဝေါ ဝေယျာဝစ္စံ” ဆိုတဲ့ ပါဠိတော်အရ “ဝေယျာဝစ္စ”ဆိုတာ ကြောင့်ကြစိုက်သူတွေမှာရှိတဲ့

သဘောတရားလို့ ဒီလိုနားလည်နိုင်ပါတယ်။ တစ်နည်းအားဖြင့်… ကောင်းမှုကုသိုလ် ပြုလုပ်နေသူတွေအတွက်

ဝတ်ကြီးဝတ်ငယ်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အဘိဓမ္မာအရ ပြောရရင်တော့ ဝတ်ကြီးဝတ်ငယ်ပြုလုပ်ကြောင်း

စေတနာပေါ့နော်။

အချို့သော ပုဂ္ဂိုလ်တွေက ဝေယျာဝစ္စအလုပ်ကို တမင်ဆောင်ရွက်ကြတာဖြစ်ပေမဲ့ တစ်ချို့သော

ပုဂ္ဂိုလ်တွေဆိုရင် တရားစခန်းဝင်ဖို့ လာပေမဲ့ ဝေယျာဝစ္စလုပ်မဲ့သူ မရှိတာမို့ ဝေယျာဝစ္စ

ဝင်လုပ်ကြတာ ရှိပါတယ်။

ဘာဝနာကုသိုလ်ဟာ ဝေယျာဝစ္စကုသိုလ်ထက် အဆပေါင်း ထောင်သောင်းမက သာလွန်မှန်း

သိသော်ငြားလည်းပဲ ”ငါ မရရင်လည်း နေပါစေတော့၊ သူတို့တတွေ ကိုယ်စိတ်ချမ်းသာစွာ

ကျင့်ကြံပွားများ နိုင်ကြပါစေ”ဆိုပြီး အနစ်နာခံကြသူတွေရဲ့ နှလုံးသားဟာ ဘယ်လောက် လှပနေမလဲနော်။

သင်္ကြန်လိုမျိုး ရှားရှားပါးပါး ရုံး(အလုပ်)ပိတ်ရက်ရှည်လေးကို အများအတွက် ပေးဆပ်အသုံးချဖို့ဆိုတာ

တော်ရုံ မလုပ်နိုင်တဲ့ ကိစ္စပါပဲ။ ဒီရက်တွေမှာ လူတိုင်းနားချင်ကြမှာပဲ၊ လည်ချင်ပတ်ချင် ကြမှာပဲ၊

ကိုယ်ရေးကိုယ်တာ လုပ်စရာတွေလည်း ရှိမှာပဲ။ ဒီလို အတ္တဟိတတွေကို ခေတ္တခဏ ပစ်ချထားပြီး

ကိုယ်/စိတ် အပင်ပန်းခံကာ ပရဟိတ ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။

ဝေယျာဝစ္စပြုလုပ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဆင်းရဲ/ချမ်းသာဆိုတာ မေ့ထားကြရတယ်၊

ကိုယ့်ရဲ့ ရာထူး/ဂုဏ်ထူးတွေကို မေ့ထားကြရတယ်။ သီလအားဖြင့် ကိုယ့်ထက် မြင့်မားနေတဲ့

ယောဂီတွေအပေါ်မှာ မိဘတွေလို ပြုစုကြရတယ်။ လိုအပ်ချက်အရ ပန်ကန်ဆေးချင် ဆေးရမယ်၊

ကြမ်းတိုက်ချင် တိုက်ရမယ်။ ယုတ်စွအဆုံး အိမ်သာ/ကုဋီကိုလည်း သန့်ရှင်းရေး လုပ်ကောင်းလုပ်ရမယ်။

ဒီအတွက် မာနကို ချထားရတယ်။

ဒါကြောင့်မို့ပဲ “ဝေယျာဝစ္စံ ဗြဟ္မစရိယန္တိ ဝုတ္တံ”ဆိုပြီး ဒီလို ပြောရတာ ဖြစ်ပါတယ်။

”ဝေယျာဝစ္စ”ဆိုတာ သူတော်သူမြတ်တို့ရဲ့ အကျင့်ဖြစ်ပါတယ်တဲ့။

ဝေယျာဝစ္စနဲ့ပတ်သက်ပြီး ပြောစရာတွေ အလွန်အင်မတန် များလွန်းလို့ အဲဒီထဲက

ဥပမာ တစ်ခုလောက်ကိုပဲ အကျဉ်းမျှ ထုတ်ပြချင်ပါတယ်။

ခုဒ္ဒကနိကာယ်၊ ထေရာပဒါန်၊ သုဓာဝဂ်မှာ ”ဝေယျာဝစ္စကတ္ထေရအပဒါန် ” ဆိုတာ ရှိပါတယ်။

အဲဒီထဲမှာ ”ဝေယျာဝစ္စက” အမည်ရှိတဲ့ ရဟန္တာ အရှင်မြတ်ဟာ မိမိရဲ့ အတိတ်ကုသိုလ်ကံ

အကြောင်းကို ပြန်ပြောပြထားတာ တွေ့ရတယ်။

အရှင်မြတ်ဟာ ဝိပဿီမြတ်စွာဘုရားရှင် လက်ထက်မှာ ဝေယျာဝစ္စအမှုကို အလွန်ကြောင့်ကြစိုက်ပြီး

ဆောင်ရွက်ခဲ့တယ်တဲ့။ လှူဖွယ်ဝတ္ထုရယ်လို့လည်း လှူစရာ မရှိခဲ့ဘူးတဲ့။ အဲဒီကနေ သေလွန်ပြီး

၉၁ကမ္ဘာအထက်လုံး အပါယ်လေးပါးကို မကျရောက်ခဲ့ရသလို စကြာဝတေးမင်းလည်း ဖြစ်ခဲ့ဖူးပါတယ်တဲ့။

ဒါဟာ ဝေယျာဝစ္စဆောင်ရွက်ရခြင်းရဲ့ အကျိုးပါပဲတဲ့။ အခုလည်း မိမိဟာ ပဋိသမ္ဘိဒါဉာဏ် ၄ပါး၊

ဝိမောက္ခ ၈ပါး၊ အဘိညဉ် ၆ပါးတို့ကို ရတော်မူပါပြီလို့ မထေရ်မြတ်ကိုယ်တိုင် ဒီလို ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ဒါကြောင့်မို့လို့… ဝေယျာဝစ္စကို အသေးအဖွဲလို့ မထင်စေချင်ပါဘူး။

ဝေယျာဝစ္စဆိုတာ ပုညကြိယာဝတ္ထု ၁၀ပါးမှာ ပါဝင်တယ်၊ စာရိတ္တသီလဖြစ်လို့ ဒါနထက်လည်း မြတ်တယ်၊

”ယောဂီ” အစရှိတဲ့ သူတော်ကောင်းတွေပေါ်မှာ (မိဘသဖွယ် ဆရာသဖွယ်) ဝတ်ကြီးဝတ်ငယ်

အမြတ်တနိုး ပြုစုဆောင်ရွက်မယ်ဆိုရင် အလွန်မွန်မြတ်တဲ့ အကျိုးကြီးမားတဲ့ ကုသိုလ်ပဲဆိုတာ

ခံယူမှတ်သားစေလိုပါတယ်။

ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ ပုဂ္ဂိုလ်များအတွက် မိမိရဲ့ ကောင်းမှုကုသိုလ်ကို ပြန်လည်ဆင်ခြင်ကာ

ကြည်နူးပီတိ ပွားများစေရန်ဖြစ်ပြီး မလုပ်ဖူးသေးတဲ့သူတွေကိုလည်း တတ်စွမ်းသရွေ့

ပါဝင်လုပ်ဆောင်နိုင်ရန် နှိုးဆော်တိုက်တွန်းခြင်း ဖြစ်ပါကြောင်း….

ခရစ်ဒစ်