တရားနှင့်ဂါထာတော်

ဆရာတော် အရှင်နန္ဒမာလာဘိဝံသ၏ (သည်းခံခြင်းဟူသောဂုဏ်ရည်)

(သည်းခံခြင်းဟူသောဂုဏ်ရည်)

လောကမှာနေထိုင်တာ တစ်ဦးတစ်ယောက်တည်း နေထိုင်တာ မဟုတ်သည့်အတွက်ကြောင့်

သည်းခံခြင်းဆိုတဲ့ ဂုဏ်ရည်ဟာ အများနဲ့ ဆက်ဆံတဲ့အခါမှာ အလွန်အရေးကြီးတဲ့ ဂုဏ်ရည်တစ်ခုဖြစ်တယ်​ …

ဒါတင်မကဘူး ” သေ​ဗ္ဗပိ ကုသလာ ဓမ္မာ ခန္တရာယတ္တာဝ ဝဋ္ဋ​ဒေး ” တဲ့ … ကုသိုလ်ရဖို့ အတွက်

အရေးကြီးဆုံးက သည်းခံမှုပဲပေါ့ …

အဲဒီတော့ သည်းခံမှုမရှိရင် ကုသိုလ်တောင်မရနိုင်ဘူးလို့  ဒီလိုဆိုလို့ ရတယ် …

သည်းခံတယ်လို့ ဆိုတဲ့နေရာမှာ သည်းခံစရာတွေဟာ ဘာတွေရှိသလဲဆိုတော့ သည်းခံစရာတွေ

လိုက်ကြည့်မယ်ဆိုရင် ကိုယ့်အပေါ်မှာ စော်ကားပြောဆိုတဲ့စကားတစ်မျိုးတည်းတင် သည်းခံစရာမဟုတ်ဘူး …

ကိုယ့်ပေါ်မှာ စော်ကားပြောဆိုတဲ့ စကားကိုလည်း သည်းခံတယ် … ​ကိုယ့်သန္တာန်မှာ ဖြစ်ပျက်လာတဲ့

ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေကိုလည်း သည်းခံတယ် …

ရာသီဥတုဒဏ်တွေကိုလည်း သည်းခံတယ် …သည်းခံပြီးတော့လုပ်သင့်လုပ်ထိုက်တာတွေကို

ဆက်လုပ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုပြောတာနော် …

မိမိအပေါ်မှာ ဘယ်အရာတွေပဲဖြစ်ဖြစ် သူများက စော်ကားတဲ့အရာတွေလည်း ကိုယ့်အပေါ်မှာ

တင်ထားလိုက်တယ် … တွန်းဖယ်မချဘူး …

ဆင်းရဲဒုက္ခတွေကိုလည်း တွန်းဖယ်မချဘူး … လက်ခံထားလိုက်တယ် …

အဲဒီလို လက်ခံထားနိုင်တဲ့ စွမ်းရည်သတ္တိတွေနဲ့  ကိုယ့်စိတ်ဟာ တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲနဲ့ 

အရာရာကို ရင်ဆိုင်ပြီးတော့ စိတ်အားမပျက်ဘဲနဲ့ နေတာ ဒါ သည်းခံတယ်လို့ ပြောတာ …

ခံနိုင်ရည်ရှိတယ်ဆိုတာ ဆန့်ကျင်ဘက်တွေလာတဲ့အခါမှာ ဘယ်လိုပဲ ဆန့် ကျင်မှုတွေလာလာ ခံနိုင်ရည်ရှိတယ် …

ခံနိုင်ရည်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာကိုပြောတာတုန်းဆိုတော့ မိမိအပေါ်မှာ ဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့

စိတ်ဓာတ်ကို ပြောင်းလဲသွားစေနိုင်တဲ့ မခံနိုင်လောက်တဲ့ အတိုင်းအတာတစ်ခု ကိုယ့်မှာ ဖြစ်ပေါ်လာလို့ ရှိရင်

စိတ်အခြေအနေမပြောင်းဘဲနဲ့ ခံနိုင်ရည်ရှိတာ … အဲဒီခံနိုင်ရည်ရှိတာကို ခန္တီလို့ ခေါ်တယ် …

ခန္တီရဲ့ သဘောကို ပြောမယ်ဆိုရင် ဒေါသမဖြစ်တာလဲ ခန္တီပဲ … မေတ္တာမပျက်နေနိုင်တာလည်း ခန္တီပဲ …

အပြုံးမပျက်နေတာလည်း ခန္တီ ပဲလို့ ဒီလိုပြောတယ် …

ပြန်မပြောပေမယ့်လို့  စိတ်ထဲက ဒေါသထွက်နေရင် ခန္တီမဟုတ်ဘူး … အဓိကက စိတ်ထဲက မည်သို့ မျှ

ပြောင်းလဲခြင်းမရှိဘဲနဲ့ ပင်ကိုယ်စိတ် အခြေအနေတစ်ခုကို ထိန်းသိမ်းထားနိုင်တဲ့စိတ်ဓာတ်အရည်အချင်းတစ်မျိုးလို့ 

ဒီလိုခေါ်ရမယ် …

အဲ့​တော့ လူတော်လူကောင်းဖြစ်ဖို့ ထူးခြားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံဖို့လို့ ဆိုတဲ့အခါမှာ

ဒီသည်းခံခြင်းဆိုတဲ့ ခန္တီတရားဟာ အရေးပါတဲ့တရားဖြစ်တယ် ​…

သည်းခံတယ်ဆိုတာကို လူတွေက အရှုံးပေးတယ်လို့ မြင်နေကြတယ် … သည်းခံတာဟာ

အရှုံးပေးတာမဟုတ်ဘူး … အနိုင်ယူတာသာဖြစ်တယ်​ပေါ့ …

လောကလူသားတွေရဲ့ ရှုံးခြင်းနိုင်ခြင်းလို့ ဆိုတဲ့ သတ်မှတ်ချက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ သတ်မှတ်ချက်နဲ့ 

အင်မတန်မှ ကွာခြားတယ် …

လောကလူတွေက ကိုယ်ကပြန်မပြောလိုက်ရဘူး … ဘာမှမလုပ်လိုက်ရဘူးဆိုရင် ရှုံးတယ်လို့ ထင်နေတယ် …

တကယ်တော့ ကိုယ်က အနိုင်ရလိုက်တာ လို့ … အနိုင်အရှုံးဆိုတာ သေသေချာချာ တွက်ချက်ကြည့်တဲ့အခါ

သည်းခံမှုက နိုင်လိုက်တယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ် …

ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ