Health local news

ကန်တော်နဒီဆေးရုံမှ COVID-19 စောင့်ကြည့် လူနာအမျိုးသမီး သေဆုံးပြီ

မန္တလေး – မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ ခွဲခြားထားရှိသည့် COVID-19 စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး ယနေ့(မတ်လ ၁၇ရက်)နံနက်က သေဆုံးခဲ့ကြောင်း မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောသည်။အဆုတ်ရောဂါဖြင့် ယမန်နေ့က ရောက်ရှိလာသည့် တံတားဦးမြို့နယ်မှ လူနာအမျိုးသမီးကို ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ကာ သီးခြားစောင့်ကြည့်စဉ် ယနေ့ နံနက်က သေဆုံးခြင်းဖြစ်သည်။

“အဆုတ်ရောဂါနဲ့ ရောက်လာတာ။ လာကတည်းက အောက်ဆီဂျင်တော်တော်ကျတယ်။ အောက်ဆီဂျင်တန်းပေးရတယ်။ ရောက်လာကတည်းက အခြေအနေဆိုးတယ်” ဟု ဒေါက်တာခင်ကျော်က ပြောသည်။သေဆုံးသူ၏ အဆုတ်သည် ခဲနေသည့် အနေအထားတွင်ရှိသည်ဟု ယူဆရပြီး ၎င်းအနေဖြင့် ခရီးသွားရာဇဝင်မရှိကြောင်း ဒေါက်တာခင်ကျော်က ဆိုသည်။

သေဆုံးသူ၏ ဓါတ်ခွဲနမူနာကို ယနေ့ နေ့လယ်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ထားကြောင်း ၎င်းက ပြောသည်။COVID-19 ရောဂါပိုးရှိ၊ မရှိ အဖြေကို မနက်ဖြန်တွင် သိရဖွယ်ရှိကြောင်း ဒေါက်တာခင်ကျော်က ပြောသည်။ပြီးခဲ့သည့် မတ်လ ၆ ရက်ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှ စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဆေးစစ်ချက်အဖြေအရ ရောဂါပိုးမတွေ့ရှိပေ။

Leave a Comment