Health Internation News

ထိုင်းတွင် COVID-19 လူနာ ၃၀ ဦး ထပ်တွေ့၊ ရုပ်ရှင်ရုံ၊ အနှိပ်ခန်း၊ ကေတီဗွီနှင့် သြင်္ကန်ပွဲပိတ်

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ နောက်ထပ် ၃၀ ဦးတွေ့ရှိခဲ့ပြီးနောက် ဘန်ကောက်မြို့ရှိ ရုပ်ရှင်ရုံတွေ အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းတွေ ဆိုင်းငံ့ဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။ မြန်မာလုပ်သားတွေ အမြောက်အမြား ဝင်ရောက်လုပ်ကိုင်နေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ပိုး (COVID 19) ကူးစက်ခံရသူ နောက်ထပ် ၃၀ ဦး တွေ့ရှိတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ကြေညာပါတယ်။

အဆိုပါ ဗိုင်းရပ်ပိုးတွေ့ရှိသူ ၃၀ ဦးမှာ သံသယရှိလို့ စောင့်ကြည့်ခံရသူတွေထဲကဖြစ်ပြီး အဲဒီထဲမှာ ဘန်ကောက် လက်ဝှေ့ရုံတွေက ၁၁ ဦး၊ ဖျော်ဖြေရေးလုပ်ငန်းက ၁ ဦး၊ ပိုးရှိလူနာနဲ့ နီးစပ်သူ ၂ ဦး၊ နိုင်ငံခြားပြန် ထိုင်း ၆ ဦး၊ နိုင်ငံခြားသား ၃ ဦး၊ တက္ကစီကားမောင်းသူ ၁ ဦးနဲ့ ဘေးထွက်ရောဂါစစ်ဆေးခံရမယ့် ၆ ဦးတို့ဖြစ်ပါတယ်။

လောလောဆယ် ထိုင်းနိုင်ငံမှာ ကိုရိုနာပိုးကူးစက်ခံရတဲ့လူနာပေါင်း ၁၇၇ ဦးရှိသွားပြီဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဆုခုမ် ကန်ကျနဖိမိုင်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ဒါ့အပြင် ဆေးရုံပေါ်က သံသယရှိလူနာ ၁၃၅ ဦးထဲက ၂၂ ဦးကို ကိုရိုနာရောဂါပိုး ဟုတ် မဟုတ် အတည်ပြုဖို့ ကျန်ရှိနေကြောင်း ၄၁ ဦး သက်သာပျောက်ကင်းကာ ဆေးရုံဆင်းခွင့်ရပြီး ၁ ဦးကတော့ အခြေအနေပြင်းထန်လို့ အနီးကပ် စောင့်ကြည့်နေကာ ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူမှာတော့ ၁ ဦးဘဲရှိသေးတယ်လို့ ဒေါက်တာဆုခုမ်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားကလည်း ပြည်သူတွေကို ထပ်လောင်းအသိပေးကာ ဘန်ကောက်မှာရှိတဲ့ ရုပ်ရှင်ရုံ / အနှိပ်ခန်း / ကေတီဗွီဆိုင် အစရှိတဲ့ ဖျော်ဖြေရေးရုံတွေကို မတ်လ ၁၈ ရက်နေ့ ကနေ ဧပြီလ ၃ ရက်နေ့ထိ ခေတ္တပိတ်ထားဖို့ အစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်ကြောင်းပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်က ဧပြီလ ၁၃ ရက်မှ ၁၅ ရက်ထိ ကျရောက်မယ့် ထိုင်းရိုးရာသြင်္ကန်ပွဲတော်ရက်ကိုလည်း ရွှေ့ဆိုင်းလိုက်ကြောင်း ၊ ပြန်လည်ကျင်းပမယ့်နေ့လည်း မရေရာသေးဘူးလို့ ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ကိုရိုနာကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ လုံလောက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဘက်ဘက်မှ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေသလို ပြည်သူတစ်ဦးချင်းအနေနဲ့လည်း ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ပြီး မိမိကိုယ်မိမိကာကွယ်စောင့်ရှောက်ဖို့၊ လူစုလူဝေး ပွဲလမ်းသဘင်နဲ့ လှုပ်ရှားမှုတွေ ရှောင်ကြဉ်ဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

ထိုင်းနိုင်ငံမှာ ဘန်ကောက်တက္ကသိုလ်၊ ကျုလာလောင်ကွန်းတက္ကသိုလ်အပါအဝင် တက္ကသိုလ်တွေကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး အွန်လိုင်းပညာရေးစနစ်နဲ့ သင်ကြားဖို့ သက်ဆိုင်ရာပညာရေးဌာနက ညွှန်ကြားထားပါတယ်။ အခြေခံပညာကျောင်းတွေကတော့ နွေရာသီကျောင်းပိတ်ချိန်ဖြစ်လို့ အထူးညွှန်ကြားမှုမရှိပါဘူး။

လေကြောင်း / ရေကြောင်းနဲ့ ကုန်းကြောင်း ဝင်ပေါက်ကနေ ဝင်ရောက်လာသူတွေကိုတော့ ကျန်းမာရေးစစ်ဆေးနေပြီး အပူချိန်မြင့်တဲ့သူတွေကို ထိန်းသိမ်းစစ်ဆေးစောင့်ရှောက်ထားပါတယ်။

နိုင်ငံခြားက ဝင်ရောက်လာသူတွေထဲမှာ ရောဂါပိုးကူးစက်မှုနှုန်း မြင့်မားနေတဲ့ တရုတ်၊ တောင်ကိုးရီးယား၊ အီတလီ၊အီရန်၊ မကာအိုနဲ့ ဟောင်ကောင်စတဲ့နေရာဒေသတွေက လာရောက် သူတွေကိုတော့ ကိုရိုနာဗိုင်းရပ်စ်ကင်းရှင်းကြောင်း သက်ဆိုင်ရာဆရာဝန်က ထုတ်ပေးထားတဲ့ ဆေးထောက်ခံစာပါမှသာ ဝင်ခွင့်ပြုထားပါတယ်။ ကိုးကား / ထိုင်းရတ် / သနေရှင်း / Bangkokbiziznews / prachachat /

Leave a Comment